စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ နှလုံးရောဂါ
စိတ်ဖိစီးမှုဟာ ခန္ဓာကိုယ်ကို ကောင်းကျိုးမပေးတဲ့ အရာပါ။ စိတ်ဖိစီးမှုကြောင့် အိပ်မပျော်တာ၊ ဆံပင်ကျွတ်တာ၊ အသားအရေမွဲခြောက်တာလို ပြဿနာမျိုးကနေ ရောဂါကြီးကြီးမားမားတွေအထိ ဖြစ်နိုင်ပါတယ်။
စိတ်ဖိစီးမှုကြောင့် ဖြစ်တဲ့ နှလုံးရောဂါကိုတော့ Broken heart syndrome or Stress cardiomyopathy လို့ ခေါ်ပါတယ်။
စိတ်ဖိစီးမှုတွေ ရုတ်တရက်ကြုံရတဲ့အခါ နှလုံးကြွက်သားတွေ အားနည်းသွားတဲ့ ရောဂါပါ။
Broken heart syndrome ဖြစ်စေတဲ့ စိတ်ဖိစီးမှု....
1) စိတ်ခံစားမှုကြောင့် ဖြစ်တဲ့ စိတ်ဖိစီးမှု (Emotional stress)
ကြောက်ရွံတာ၊ ဒေါသအလွန်အမင်းထွက်တာ၊ နောင်တရတာ၊ စိတ်ပူပန်ရတာ၊ အံ့သြဝမ်းသာစရာ ရုတ်တရက်ကြုံရတာ၊ ဝမ်းနည်းစိတ်မကောင်းစရာသတင်း ကြားရတာ စတာတွေကြောင့် broken heart syndrome ဖြစ်တတ်ပါတယ်။
ရုပ်ရှင်တွေ၊ ဒရမ်မာတွေထဲမှာဆို ရင်ဘတ်ကိုဖိပြီး ရုတ်တရက် လဲကျသွားတာမျိုးပေါ့။
2) ကိုယ်ခံစားမှုကြောင့် ဖြစ်တဲ့ စိတ်ဖိစီးမှု (Physical stress)
ဒါကတော့ အဖျားကြီးတာ၊ တက်တာ၊ ရုတ်တရက် လေဖြတ်သွားတာ၊ သွေးထဲမှာ သကြားဓာတ်ကျသွားတာ၊ ပန်းနာရင်ကြပ်ထတာ စတာတွေကြောင့် နှလုံးကြွက်သားတွေ အားနည်းသွားတာပါ။
ဒီနှစ်မျိုးကြောင့် မဟုတ်ဘဲ အကြောင်းရင်း မယ်မယ်ရရမရှိဘဲ Broken heart syndrome ဖြစ်နိုင်ခြေလည်း ရှိတတ်ပါတယ်။
ဘယ်လိုလက္ခဏာတွေ ပြမလဲ?
အောက်ပါ လက္ခဏာတွေ ပြသနေပြီဆိုရင်တော့ Broken heart syndrome လို့ ယူဆနိုင်ပါတယ်။
- ရင်ဘတ်အောင့်တာ
- အသက်ရှူမဝတာ
- ချွေးစေးတွေထွက်တာ
- ခေါင်းမူးတာ တို့ကို
Broken heart syndrome မဖြစ်ခင် မိနစ်ပိုင်းကနေ နာရီပိုင်းလောက်ထိ ခံစားရနိုင်ပါတယ်။
ဘာလို့ ဖြစ်တာလဲ?
စိတ်ဖိစီးမှု ဖြစ်တဲ့အခါ ခန္ဓာကိုယ်ကနေ အက်ဒရီနယ်လင် နဲ့ နော်အက်ဒရီနယ်လင် လို့ခေါ်တဲ့ ဟော်မုန်းတွေကို ထုတ်ပေးပါတယ်။
အက်ဒရီနယ်လင်ဟာ သွေးကြောတွေကျဥ်းစေတဲ့ အာနိသင်ရှိတဲ့အတွက် နှလုံးသွေးကြောတွေ ကျဥ်းသွားပြီး နှလုံးမှာ သွေးလှည့်ပတ်မှု နည်းသွားစေပါတယ်။ အက်ဒရီနယ်လင်ဟာ နှလုံးဆဲလ်တွေကို ကယ်လဆီယမ်တွေ အများကြီးရောက်အောင်လည်း ပြုလုပ်ပေးပါတယ်။
ကယ်လဆီယမ်တွေ လိုတာထက် များလာတဲ့အခါ နှလုံးခုန်တဲ့စည်းချက် ကမောက်ကမဖြစ်လာတာပါ။
အက်ဒရီနယ်လင်ရဲ့ အာနိသင်ကုန်သွားတဲ့အခါ ရက်ပိုင်းလပိုင်းလောက်နေရင်တော့ ပုံမှန်ပြန်ကောင်းလာနိုင်ပါတယ်။
ဒါဆို စိုးရိမ်စရာမလိုဘူးလား
အဲဒီလိုလည်း မဟုတ်ပါဘူး။ ဒီရောဂါက စိုးရိမ်ပူပန်ဖို့ လိုအပ်တဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။
အချိန်မီကုသမှုမရရင် သွေးပေါင်အလွန်အမင်းကျသွားတာ၊ ရှော့ခ်ရသွားတာ၊ နှလုံးအလုပ်မလုပ်တော့တာ၊ နှလုံးခုန်မမှန်ဘဲ နှလုံးရပ်သွားတာတွေထိ ဖြစ်နိုင်တာကြောင့် ပေါ့ဆလို့တော့ မရပါဘူး။ ဒါကြောင့် စိတ်ဖိစီးမှုရှိပြီး အထက်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသတိုင်ပင်ပြီး ကုသမှုခံယူသင့်ပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦးနော်။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်